ဆံသားမကောက်ခင်သိထားသင့်သည်များ
25-Feb-2017ဘယ်လိုအကောက်မျိုးကို သင်လိုချင်သလဲဆိုတာ အရင်လေ့လာပါ။
ကိုယ့်ကြိုက်နှစ်သက်တဲ့ ဆံပင်အကောက်ပုံစံမျိုးကို အရင်ဆုံးလေ့လာပါ။ သင်က ကောက်သားသေးသေးလေး ကောက်တာမျိုးကို ကြိုက်တာလား၊ ကောက် သားကြီးကြီးကို ကြိုက်တာလား၊ အဖျားပိုင်းပဲကောက်မှာလား၊ အရင်းပိုင်းကနေ စပြီးကောက်မှာလား။ စတာတွေကို အရင်ဆုံးဆံပင်လုပ်ပေးမယ့် သူကို ပြောပြပါ။ ဆံပင်ကောက်ရာမှာ အသုံးပြုတဲ့ ကောက်တံအချောင်းလေးတွေက ဆိုဒ်မျိုးစုံ ရှိကြပြီး ကောက်တဲ့အချိန်ကလည်း ကြာတတ်ပါတယ်။ ကြွေနဲ့ပြုလုပ်ထားတဲ့ ဆံပင်ကောက်တံတွေက သင့်ဆံသားအတွက် အကောင်းဆုံးပါပဲ။ ကြွေသားက အပူကိုညီစေပြီး ဆံသားနဲ့လည်း အံဝင်ခွင်ကျဖြစ်စေပါတယ်။
ဆံသားမှာရေဓာတ်ပြည့်ဝနေပါစေ၊
ဆံသားမှာ ရေဓာတ်ပြည့်ဝနေစေဖို့ လိုပါတယ်။ ဆံသားက ရေဓာတ်ဆုံးရှုံးနေတယ်ဆိုရင် ဆံပင်မကောက်သင့်ပါဘူး။ ကောက်ပြီးချိန်မှာ ဆံသားပိုမိုခြောက်သွေ့နိုင်ပြီး လိုအပ်တဲ့ အကောက်ပုံစံလည်း မထွက်ဘဲ မလှမပဖြစ်ကာ ဆံသားလည်း ပျက်စီးစေပါတယ်။
ဆံသားကို နှစ်လွှာခွဲကာ စတင်ပါ၊
ဆံပင်ကောက်တော့မယ်ဆိုရင် ဆံသားကို အေပါ်လွှာနဲ့အောက်လွှာဆိုပြီး နှစ်ပိုင်းခွဲ စတင်ရမှာပါ။ ဆံပင်နှစ်ပိုင်းခွဲဖို့ ဘီးကို အသုံးပြုပြီး အပေါ်တစ်လွှာကို ကလစ်နဲ့ ညှပ်သိမ်းကာ အောက်လွှာကို အရင်ဆုံးကောက်ပါ။
အကောက်ပုံစံပေါ်မူတည်ပြီး ဆံပင်သားယူနည်းပြောင်းပါ။
သင်က ကောက်သားကြီးကြီးကို လိုချင်တယ်ဆိုရင်ဆံပင်ကို များများယူပြီး လိပ်ရမှာ။ သင်က ကောက်သားသေးသေးလေးတွေ လိုချင်တယ်ဆိုရင်တော့ ဆံပင်ကို နည်းနည်း ချင်းယူပြီး လိပ်ရမှာပါ။
ဖြည်းဖြည်းချင်းသာ ပြင်ဆင်ပါ။
ဆံသားကောက်မယ့်သူတွေအနေနဲ့ ကောက်တံတွေနဲ့ လိပ်ပြီးချိန်မှာ အပူဒဏ်ခံနိုင်စေ ဖို့နဲ့ အပူဒဏ်မထိခိုက်စေဖို့ သတိထားလုပ်ဆောင်ဖို့ လိုပါတယ်။ ဖြည်းဖြည်း ချင်း ပြုလုပ်ပေးတာကြောင့် ပိုမိုကောင်းမွန်တဲ့ ဆံသားပုံစံကို ရရှိစေပါတယ်။
လေအေးဖြင့်သာ ပုံသွင်းပါ
ဆံသားတွေကို ဆေးထည့်ကောက်တာပဲဖြစ်စေ၊ အပူချောင်းနဲ့ ခဏကောက်တာ ပဲဖြစ်စေ။ နောက်ဆုံးမှာတော့ ဆံသားပုံစံ အမြဲတမ်းလှပြီး တစ်နေကုန်ခံစေဖို့ ဆံသားပုံသွင်းကြပါတယ်။ လေပူကိုသုံးပြီး ပုံသွင်းတာက အချိန်ပိုမြန်ပေးမယ့် အချိန်ကြာလာရင် ဆံသားခြောက်သွေ့စေပါတယ်။ လေအေးကိုသာ အတတ်နိုင်ဆုံးသုံးပါ။
Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
သဲသဲ
Arogyam magazine, No 260, March 2014, Pg. 118